Physical Address
304 North Cardinal St.
Dorchester Center, MA 02124
Physical Address
304 North Cardinal St.
Dorchester Center, MA 02124
MBA လို့ ပြောလိုက်ရင် လူငယ်များအကြားမှာရေပန်းစားတဲ့ စီးပွားရေးမဟာဘွဲ့တခုဖြစ်ပါတယ်။ ဈေးကွက် လိုအပ်ချက်အရရော် အလုပ်အကိုင်အခွင့်အလမ်းပေါ်များခြင်းတို့ကြောင့်ရော် လူငယ်များအကြား MBA ဘွဲ့သည် ရေပန်းစားခဲ့လာသည်။ MBA ရဲ့ အရှည်မှာ Master of Business Administration ဖြစ်ပြီး စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာမဟာဘွဲ့ဖြစ်ပါသည်။
သမိုင်းကြောင်း
MBA ကို ကမ္ဘာ့ပထမဆုံးစတင်သင်ကြားခဲ့တဲ့ တက္ကသိုလ်ကတော့ အမေရိကန်နိုင်ငံရဲ့ Harvard University ဖြစ်ပြီး ၁၉၀၈ ခုနှစ်မှာ MBA ဘွဲ့ကို စတင်ပေးအပ်ခဲ့ပါတယ်။ ၁၉၄၀ ခုနှစ်မှာတော့ Chicago Business School ကနေ ပထမဆုံး Executive MBA (EMBA) ကို ပေးအပ်ခဲ့ပါတယ်။ အာရှတိုက်ရဲ့ ပထမဆုံး MBA ဘွဲ့ကိုတော့ ပါကစ္စတန်နိုင်ငံ Karachi University ကနေ ၁၉၇၅ ခုနှစ်မှာ ပေးအပ်ခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ ပထမဆုံး MBA ဘွဲ့ကိုတော့ ပြင်သစ်နိုင်ငံပါရီမြို့ INSEAD ကျောင်းကနေ ၁၉၅၇ ခုနှစ်မှာ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး MBA ဘွဲ့ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနကနေ ၁၉၉၅ ခုနှစ်မှာ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပညာရှင် ဆရာ ဆရာမကြီးများလဲ အဆိုပါ တက္ကသိုလ်များမှ MBA ဘွဲ့များရှိခဲ့သည်။ ပါမောက္ခဦးဝိလျံပေါနှင့် ဒေါက်တာခင်မောင်ကြည်တို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Harvard MBA ဘွဲ့ရများဖြစ်သည်။ Stanford MBA ကို ဆရာမကြီး ပါမောက္ခဒေါ်ရီရီမြင့် နှင့် ဦးအုန်းမောင် တို့က ရရှိခဲ့သည်။
ဖွင့်လှစ်သင်ကြားမှု
မြန်မာနိုင်ငံမှာတော့ အစိုးရပိုင် တက္ကသိုလ်တွေဖြစ်တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် မုံရွာစီးပွားရေးတက္ကသိုလ် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့အပြင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်းဖွင့်လှစ်သော မန္တလေးတက္ကသိုလ်နှင့် နေပြည်တော် အုပ်ချုပ်မှုပညာ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် MBA ဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားနေပြီး EMBA လို့ခေါ်တဲ့ Executive MBA ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် အပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ နေပြည်တော်တွင်လဲ EMBA ဘွဲ့သင်တန်းများကို ဖွင့်လှစ်ပို့ချပေးနေပါသည်။
မြန်မာနိုင်ငံမှာ ပြင်ပကျောင်းများက ဖွင့်လှစ်သင်ကြားပေးနေသော နိုင်ငံမတူသော MBA ပေါင်းစုံရောက်ရှိ လာပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း မလေးရှာ ဖိလစ်ပိုင် အပြင် ဥရောပနိုင်ငံတွေဖြစ်တဲ့ ဆွစ်ဇလန် ပြင်သစ် အင်္ဂလန် စပိန် အီတလီ ဒိန်းမတ် အပြင် အမေရိကန်နှင့် ဩစတေးလီးယား နိုင်ငံတို့မှာ MBA များကို ပုဂ္ဂလိကပညာရေးကျောင်းများမှ သင်ကြားပို့ချပေးနေသည်။
MBA တက်တော့မယ်ဆိုရင် ပထမဆုံးစဉ်စားရမှာက ဘယ်ကျောင်းက MBA ကို တက်မှာလဲ အစိုးရ MBA လား၊ ပုဂ္ဂလိကကျောင်းတွေက MBA လား။ အစိုးရ MBA ဆိုရင်တော့ အထွေအထူးပြောစရာမလိုပါဘူး အစိုးရပိုင်တက္ကသိုလ်တွေဖြစ်တဲ့အတွက် ပွင့်ပွင့်လင်းလင်းပြောရရင် ranking တော့ နိမ့်ပါတယ် ဒါပေမဲ့ ခိုင်မာမှုနှင့် အာမခံချက်ကတော့ အပြည့်အဝရှိပါတယ်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ပတ္တမြား MBA ဆိုတာလဲ မြန်မာနိုင်ငံမှာ အဆင့်အတန်းတခုရှိတဲ့ MBA ပါဘဲ။ ပုဂ္ဂလိက MBA တက်တော့မယ်ဆိုရင်တော့ သေသေချာချာ လေ့လာစုံစမ်းပြီး တက်ရောက်စေချင်ပါတယ်။ မြန်မာပြည်မှာ ဖွင့်လှစ်သင်ကြားနေသော ပုဂ္ဂလိက MBA တွေမှာ စစ်မှန်တဲ့ MBA တွေရှိသလို အရည်အသွေး မပြည့်ဝသော Online University မှာ ပေးအပ်သော MBA များလဲ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာတော့ အစိုးရ MBA တွေကို နှစ်စဥ်ဖွင့်လှစ်နေပြီး ပုံမှန် Classroom သင်တန်းတွေအပြင် Online သင်တန်းတွေကိုပါ တိုးချဲ့ဖွင့်လှစ်နေပါတယ်။ နိုင်ငံတကာက MBA တွေကို ပြင်ပသင်တန်းကျောင်းတွေက ဖွင့်နေတာဖြစ်ပြီး ပုံမှန် Classroom သင်တန်းတွေ၊ Online သင်တန်းတွေ နှင့် Blended System လို့ခေါ်တဲ့ နှစ်မျိုးပေါင်းစပ်သင်တန်းတွေဆိုပြီး လစဥ်ဖွင့်လှစ်နေတာ တွေ့ရပါတယ်။
ဝင်ခွင့်သတ်မှတ်ချက်
MBA ဝင်ခွင့်သတ်မှတ်ချက်အနေဖြင့် နိုင်ငံတကာကျောင်းများအတွက် အမေရိကန်နိုင်ငံ နယူးဂျာဆီပြည်နယ် ပရင်းစတန်းမြို့ရဲ့ အဖွဲ့အစည်းတခုက Business School များအတွက် GMAT (Graduate Management Admission Test) စစ်ဆေးပေးပါသည်။ မြန်မာအစိုးရပိုင်တက္ကသိုလ်များတွင်လဲ GMAT ကို အခြေခံ၍ ဝင်ခွင့်ကို ရေးဖြေအနေဖြင့် စစ်ဆေးပါသည်။ ရေးဖြေအောင်မြင်သူများကို လူတွေ့စစ်ဆေးကာ အရည်အချင်းပြည့်မှီ သူများကိုသာ တတ်ရောက်ခွင့်ပြုပါသည်။ ပြည်တွင်းပုဂ္ဂလိကပညာရေးကျောင်းများ၏ MBA ဝင်ခွင့်အနေဖြင့် တချို့ကျောင်းများကတော့ ဝင်ခွင့်စာမေးပွဲနှင့် အင်္ဂလိပ်စာ အရည်အချင်းစစ်ပြီးမှ တတ်ရောက်ခွင့်ပြုသလို တချိ့ကျောင်းများကတော့ လိုအပ်သော စာရွက်စာတမ်းများတင်ပြနိုင်ပါက အရည်အချင်းစစ်ဆေးခြင်းမရှိဘဲ တတ်ရောက်ခွင့် ပြုနေပါသည်။
သင်ကြားရမည့်ဘာသာရပ်များနှင့် သင်တန်းပုံစံ
MBA ဆိုသည့်အတိုင်း အဓိက သင်ကြားရမဲ့ ဘာသာရပ်တွေက Business နဲ့ Management ဘာသာရပ်များဖြစ်ပါတယ်။ Business Functions တွေဖြစ်တဲ့ Marketing, Human Resource, Accounting and Operation စတဲ့ ဘာသာရပ်များအပြင် Management, Strategy, Ethic, Statistic, Economics, Law စတဲ့ ဘာသာရပ်များကို လေ့လာသင်ကြားရပါမယ်။ မြန်မာအစိုးရကျောင်း MBA တွင် ဘာသာရပ် ၁၆ ခုကို ၁ နှစ်ခွဲ လေ့လာသင်ကြားရမှာဖြစ်ပြီး Thesis ကို ၆ လအတွင်း ရေးသားရမှာဖြစ်ပါသည်။ အကဲဖြတ်မှုပုံစံအနေဖြင့် Attendance, Presentation, Assignment နဲ့ Exam ပုံစံများဖြင့် အကဲဖြတ်အမှတ်ပေး အောင်စာရင်းထုတ်ပြန်ပါတယ်။ ပြည်တွင်းပုဂ္ဂလိကပညာရေးကျောင်းများ၏ MBA တွင် သက်ဆိုင်ရာနိုင်ငံခြားကျောင်းများအလိုက် ဘာသာရပ်အနည်းဆုံး ၈ ဘာသာမှ ၁၂ ဘာသာစသည့်ဖြင့် ကျောင်းအလိုက်ဘာသာရပ်များကွဲပြားနိုင်ပါသည်။ သင်တန်းကာလသည် အနည်းဆုံး ၁ နှစ်မှ ၂ နှစ်ထိ ကြာမြင့်နိုင်ပါတယ်။ တချို့ MBA တွေက Thesis ရေးသားရပြီး တချို့ MBA တွေက Thesis ရေးသားစရာမလိုအပ်ပါ။ အကဲဖြတ်မှုပုံစံအနေဖြင့် Attendance, Presentation, Assignment နဲ့ Exam ပုံစံများဖြင့် အကဲဖြတ်အမှတ်ပေးတဲ့ ကျောင်းများရှိသလို Exam မဖြေရဘဲ Assignment တင်ပြီး အကဲဖြတ်စစ်ဆေးတဲ့ ကျောင်းများလဲရှိပါတယ်။
ပြည်တွင်းပုဂ္ဂလိကပညာရေးကျောင်းများ၏ MBA မှာလဲ Full Program နဲ့ Top-up program ဆိုပြီး ပုံစံနှစ်မျိုးရှိပါတယ်။ Full Program ဆိုတာကတော့ သက်ဆိုင်ရာ မူရင်းနိုင်ငံများရဲ့ ကျောင်းများတွင် သင်ကြားသော ပုံစံများ၊ ဘာသာရပ်များအတိုင်း မြန်မာနိုင်ငံမှာ ပြန်လည်သင်ကြားတဲ့ ပုံစံဖြစ်ပါသည်။ Top-up Program ဆိုတာကတော့ MBA တိုက်ရိုက်တက်ရောက်ရတာမဟုတ်ဘဲ Postgraduate Diploma အရင်တက်ရောက်ပြီးမှ MBA အတွက် လိုအပ်သော ဘာသာရပ် ၂ ခု ၃ ခု လေ့လာပြီး Thesis ရေးသားကာ MBA ဘွဲ့ကို တက်လှမ်းခြင်းဖြစ်ပါတယ်။ Top-up program အများစုသည် UK တက္ကသိုလ်များမှဖြစ်ကြပါသည်။ Postgraduate Diploma သည် UK အဖွဲ့အစည်းများဖြစ်သည့် NCC, OTHM တို့ရဲ့ Postgraduate Diploma program များဖြစ်ကြပါသည်။
အဆင့်သတ်မှတ်ချက်
MBA တတ်တော့မယ်ဆိုရင် ကိုယ်တတ်မဲ့ ကျောင်းက တကယ် အရည်အသွေးပြည့်မှီရဲ့လား၊ စစ်မှန်ရဲ့လားဆိုတာ၊ နိုင်ငံတကာအသိအမှတ်ပြုရဲ့လားဆိုတာ အဓိကကျတဲ့ အချက်တခုဖြစ်ပါတယ်။ ကိုယ်တတ်မဲ့ ကျောင်းရဲ့ စစ်မှန်မှုနှင့် အရည်အသွေးပြည့်ဝမှုတို့ကို တက္ကသိုလ်အဆင့်သတ်မှတ်မှု (Ranking) နှင့် သက်ဆိုင်ရာနိုင်ငံရဲ့ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုတွေကိုကနေတဆင့် သိရှိနိုင်ပါတယ်။
တက္ကသိုလ်အဆင့်သတ်မှတ်ချက် (Universities Ranking) တွေကို အောက်မှာ website links များမှ တဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။
Times Higher Education (THE)
https://www.timeshighereducation.com/world-university…
QS
https://www.topuniversities.com/university-rankings
Webometrics
https://www.webometrics.info/en/WORLD
The Complete University Guide (UK Universities Only)
https://www.thecompleteuniversityguide.co.uk/lea…/rankings
သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပညာရေးဝန်ကြီးဌာန Website တွေကနေလဲ ကျောင်းတွေက တရားဝင်မှတ်ပုံတင်ထားတဲ့ ကျောင်းတွေလားဆိုတာ လေ့လာနိုင်ပါတယ်။ အထူးလေ့လာရမှာက ကိုယ့်တတ်မဲ့ MBA က မူရင်းနိုင်ငံမှာရော် တက္ကသိုလ်နယ်မြေ (Campus) တွေရှိရဲ့လား Campus ရှိတယ်ဆိုရင်လဲ Campus အနေအထားက တက္ကသိုလ် ကော်လိပ်အဆင့်နဲ့ညီရဲ့လားဆိုတာတွေပါ စဉ်းစားစေချင်ပါတယ်။ နောက်တချက်က မူရင်းနိုင်ငံတွေမှာ ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်တွေမှာရော် ထိုနိုင်ငံက ကျောင်းသားတွေ တက်ရောက်ရဲ့လားဆိုတာ သေချာလေ့လာစေချင်ပါတယ်။ တချို့ နိုင်ငံခြား MBA ကျောင်းတွေကို လေ့လာကြည့်တာ မူရင်းနိုင်ငံရဲ့ ကျောင်းသားများမတွေ့ရဘဲ မြန်မာကျောင်းသား သက်သက်သာ တွေ့ရှိနေရပါတယ်။ မြန်မာပြည်ကို ရောက်ရှိလာတဲ့ MBA တွေထဲမှာ Online University တွေက ပေးနေတဲ့ MBA တွေရှိနေတာ လေ့လာသိရှိရပါတယ်။
အထူးသတိထားရမှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံတကာ MBA များမှာ စစ်မှန်ပြီး အရည်အသွေးပြည့်ဝတဲ့ MBA တွေရှိသလို နိုင်ငံကြီးတွေကလာတဲ့ Online University MBA တွေကလဲ အများကြီးရှိလာပါတယ်။ ပြီးတော့ ကြော်ငြာတွေကိုလဲ အပြည့်အဝ မယုံကြည်ဘဲ ကိုယ်တိုင်လေ့လာအားထုတ်ပါ။ ဘယ်အဖွဲ့အစည်းတွေက အသိအမှတ်ပြုတယ်ဆိုတာထက် ကိုယ်တတ်မဲ့ကျောင်းက အဆင့်ဘယ်လောက်ရှိလဲဆိုတာ အရေးကြီးပါတယ်။
တချို့ပုဂ္ဂလိကကျောင်းတွေက ဖွင့်လှစ်တဲ့ ပြင်သစ် MBA ဆိုရင် မြန်မာလို သင်ကြားပြီး မြန်မာလို စာမေးပွဲဖြေဆိုလို့ရတယ်လို့ ကြော်ငြာတာတွေ့ရတော့ ပြင်သစ် MBA မှ ဟုတ်ရဲ့လားလို့ တော်တော်စဉ်းစားယူရတယ်။ မြန်မာအစိုးရ MBA တွေတောင် မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် သင်ကြားပြီး အင်္ဂလိပ်ဘာသာဖြင့် စာမေးပွဲဖြေဆိုရပါတယ်။ ကိုယ်တတ်မဲ့ MBA က အရည်အသစ်ပြည့်ဝ စစ်မှန်ဖို့တာ အရေးကြီးတာပါ ဘယ်နိုင်ငံဆိုတာက အရေးမကြီးဘူးလို့ ကျနော်ရဲ့ပုဂ္ဂလိကအမြင်အရ ထင်ပါတယ်။
သင်တန်းကြေးတွေ လေ့လာကြည့်ရင်လဲ မြန်မာ MBA တွေက အလွန်ဈေးသက်သာပြီး နိုင်ငံတကာ MBA တွေက ဈေး သိန်းဆယ်ဂဏန်းမှ သိန်းရာဂဏန်းအထိ ပေးနေရတာပါ။ တချို့နိုင်ငံတကာ MBA တွေဆိုရင် ဈေးကြီးပေးတာ တတ်ရပြီး ranking အားဖြင့် အလွန်နိမ့်ကျခြင်း၊ ranking မသတ်မှတ်ခံရခြင်းတို့တောင်ရှိနေပါတယ်။ ဒါကြောင့် သေချာလေ့လာပြီး ရွေးချယ်တတ်ရောက်စေချင်ပါတယ်။
Accreditation အသိအမှတ်ပြုမှု
MBA တက်မယ်လို့ စဉ်းစားတဲ့ တက္ကသိုလ်အဆင့် (Ranking) သတ်မှတ်မှုနှင့်ကလဲ အရေးပါသလို ကိုယ်တတ်မဲ့ MBA က ခိုင်မာမူရှိတဲ့ အဖွဲ့အစည်းတွေက Accredited MBA လားဆိုတာလဲ အရေးပါ ပါတယ်။ MBA တတ်ရောက်ရဖို့က အချိန်နှင့်ငွေအပေါ်မှာ ရင်နှီးမြုပ်နှံရတဲ့အတွက် ရရှိမဲ့ဘွဲ့ဟာလဲ စစ်မှန်ပြီး အရည်အသွေးမြင့်မားဖို့လိုအပ်ပါတယ်။
အရည်အသွေးနဲ့ပတ်သတ်၍ Accreditation လုပ်ပေးတဲ့ bodies တွေကလဲ စစ်မှန်ခိုင်မာဖို့လိုအပ်ပါတယ်။ MBA ကို accreditation လုပ်ပေးတဲ့ စစ်မှန်ခိုင်မာတဲ့ body ၃ ခုရှိပါတယ်။
AACSB – Association to Advance Collegiate Schools of Business
AACSB ကို ၁၉၁၆ ခုနှစ်မှာ စတင်တည်ထောင်ပြီး business school တွေရဲ့ အရည်အသွေးပေါ်လွမ်းမိုးတဲ့ အချက်တွေဖြစ်တဲ့ မျှော်မှန်းချက်၊ လုပ်ငန်းလည်ပတ်မှု၊ သင်ကြားရေးဆရာတွေ၊ အထောက်အပံ့တွေ နှင့် အခြားနယ်ပယ်တွေကို အကဲဖြတ်ပေးတာဖြစ်ပါတယ်။ AACSB Accreditation ဆိုတာ သက်တမ်းအရှည်ဆုံးနှင့် business school တွေရဲ့ professional accreditation အတွက် အသိအမှတ်ပြုခံရဆုံးသော body တခုဖြစ်ပြီး ကမ္ဘာတိုက်ကြီး ၆ တိုက်မှာရှိတဲ့ ကျောင်းပေါင်း ၅၆၇ ကျောင်းကို accreditation လုပ်ထားပါသည်။
AACSB နဲ့ ပတ်သတ်ပြီး အောက်ပါ link မှာ လေ့လာနိုင်ပါသည်။
https://www.aacsb.edu/accreditation
EQUIS – European Quality Improvement System
EQUIS က European Foundation for Management Development အောက်မှာရှိတဲ့ accrediting institution ဖြစ်ပါသည်။ EQUIS က general quality နှင့် internationalization ပေါ်အခြေခံပြီး accredits ပြုလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါသည်။ EQUIS က AMBA နှင့်မတူတာက program အလိုက် အခြေခံ၍ accredit ပြုလုပ်တာမဟုတ်ဘဲ တက္ကသိုလ်တခုလုံးပေါ် accredit ပြုလုပ်ချင်းဖြစ်ပါသည်။ အခုလက်ရှိမှာတော့ နိုင်ငံပေါင်း ၃၅ နိုင်ငံရဲ့ ကျောင်းပေါင်း ၁၂၇ ကျောင်းကို accreditation လုပ်ထားပါသည်။
EQUIS နဲ့ ပတ်သတ်ပြီး အောက်ပါ link မှာ လေ့လာနိုင်ပါသည်။
https://www.efmdglobal.org/
AMBA – Association of MBAs
AMBA က ၁၉၆၇ မှာတည်ထောင်ခဲ့ပြီး MBA, DBA, MSc program အလိုက် သမာသမတ်ကျကျ accreditation ပြုလုပ်ပေးပါပြီး AACSB နှင့် EQUIS တို့လို ကျောင်းတွေကို Accreditation ပြုလုပ်ခြင်းမဟုတ်ပါ။ AMBA ကတော့ International program တွေကို accreditation ပြုလုပ်ပြီး ယခုလက်ရှိ နိုင်ငံပေါင်း ၇၂ နိုင်ငံမှာ ကျောင်းပေါင်း ၁၈၀ ရဲ့ program တွေကို accreditation ပြုလုပ်ထားပါသည်။
AMBA နဲ့ ပတ်သတ်ပြီး အောက်ပါ link မှာ လေ့လာနိုင်ပါသည်။
https://www.associationofmbas.com/
အထက်ပါ body ၃ ခုမှ ၁ ခု Accredited ရရင် one Crowned လို သတ်မှတ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လစာရင်းအရ Triple Crowned ရရှိထားတဲ့ ကျောင်းပေါင်း ၁၂၉ ကျောင်းရှိပါတယ်။ အရှေ့တောင်အာရှမှာတော့ Triple Crowned ရရှိထားတဲ့ ကျောင်း ၃ ကျောင်းရှိပါတယ်။ စင်ကာပူနိုင်ငံက Singapore Management University Lee Kong Chian School of Business နှင့် ထိုင်းနိုင်ငံက Thammasat Business School, Chulalongkorn Business School တို့ဖြစ်ပါသည်။ အောက်ပါ link မှာ အသေးစိတ်လေ့လာနိုင်ပါသည်။
https://www.mba.today/…/triple-accreditation-business….
အခုဖော်ပြခဲ့တဲ့ Accreditation Bodies တွေက MBA အတွက် အကောင်းဆုံးနှင့် ယုံကြည်စိတ်ချအရဆုံးသော အဖွဲ့အစည်းတွေဖြစ်ပါတယ်။ တခြား Accreditation body တွေလဲ အများကြီးရှိပါတယ်။ ဒါပေမဲ့ အပေါ်က ၃ ခုလောက်တော့ အရည်အသွေးပြည့်ပြီး ယုံကြည်စိတ်ချလို့မရနိုင်ပါဘူး။
MBA ပတ်သတ်ရင် သေချာ အစုံအလင် လေ့လာလို့ရတဲ့ Link တခုရှိပါတယ်။ Top MBA ဆိုတဲ့ website က တော်တော်စုံစုံလင်လင်လေးရှိပါတယ်။ အောက်ပါ link မှာ လေ့လာနိုင်ပါသည်။
https://www.topmba.com/app/
၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး MBA များကို အောက်ပါ link မှာ လေ့လာနိုင်ပါသည်။
https://www.topuniversities.com/mba-rankings/global…
မြန်မာနိုင်ငံက အစိုးရ MBA တွေကတော့ အဲ့အဆင့်ကို မရောက်ရှိသေးပါဘူး၊ MBA ကို တာဝန်ယူဖွင့်လှစ်ပေးနေတဲ့ စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူများကလဲ MBA ကို Accreditation တွေရအောင် ကြိုးစားအကောင်အထည်ဖော်မယ်လို့ မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ထားတဲ့ MBA တွေမှာလဲ အဆိုပါ Accreditation Bodies တွေက အသိအမှတ်ပြုထားတာ တခုမှ မရှိသေးပါ။
မြန်မာနိုင်ငံမှာ အပြင် ပုဂ္ဂလိကကျောင်းတွေမှာ MBA တက်ရောက်မယ်ဆိုရင် သေချာလေ့လာစုံစမ်းပြီးမှ တက်ရောက်ဖို့ အကြံပေးလိုပါတယ်။ မြန်မာပြည်ကို ရောက်ရှိလာတဲ့ MBA တွေထဲမှ အရည်အသွေးရှိပြီး အဆင့်မီတဲ့ MBA တွေလဲရှိသလို အရည်အေသွးမပြည့်မီတဲ့ MBA တွေလဲ အများကြီးရှိတာမို့ သေချာလေ့လာစုံစမ်းပြီးမှ ရွေးချယ်တက် ရောက်ကြဖို့ အကြံပြုလိုပါတယ်။ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းမှုတွေ ပေးဆပ်ပြီး ထိုက်တန်တဲ့ MBA ဘွဲ့ကို ရရှိနိုင်ပါစေ။
Ye Lwin Hein @ Edu Ye
BBA, MBA, MBF, PhD (Candidate)
Educational Information by Ko Ye